|
|
» Local News
ဗထူးကွင်းငှားရမ်းခြင်းကိစ္စနှင့် ပတ်သတ်၍ သတင်းများထွက်ပေါ်နေမှုအပေါ်
MFF မီဒီယာဒါရိုက်တာ ပြန်လည်ရှင်းလင်းပြောကြား
03 Feb, 2012
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နိုင်ငံတော်အစိုးရထံမှ
ငှားရမ်းထားသော မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် နိုင်ငံရေး
ပါတီတစ်ခုမှ ယခုအပတ်အတွင်း ပါတီစည်းရုံးဟောပြောပွဲ ပြုလုပ်ရန်
အဆိုပါအဖွဲ့အစည်းမှ တင်ပြတောင်းခံခဲ့သော်လည်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌမှ ခွင့်မပြု၍
အခက်အခဲကြုံခဲ့ရကြောင်း၊ ယင်းကိစ္စမှာ မဖြစ်သင့်ကြောင်းဟူ၍ နိုင်ငံတကာ
သတင်းမီဒီယာအချို့မှ ဝေဖန်ထောက်ပြ ပြောဆိုနေမှုအပေါ် MFF
ပြောရေးဆိုခွင့်ရှိသူ မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်မှ
စိတ်မကောင်းဖြစ်မိကြောင်း ပြန်လည် ရှင်းလင်းပြောကြားသွားသည်။
ဦးစိုးမိုးကျော်က
"ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့
ဗထူးအားကစားကွင်းကို နိုင်ငံတော်အစိုးရထံက နှစ်(၃၀)စာချုပ်နဲ့
ငှားရမ်းထားခဲ့တာပါ ။ ဒီဗထူးကွင်းကို ကျွန်တော်တို့ လောလောဆယ်
စီမံခန့်ခွဲမှု ရနေတာဖြစ်ပေမယ့် အားကစားဖွံ့ဖြိုးရေး လုပ်ငန်းနဲ့
သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြုရမယ်လို့ ညွှန်ကြားချက်
ရှိထားလို့ ဒီဘောလုံးကွင်းကို မငှားခဲ့တာပါ။ ဘောလုံးအဖွဲ့ချုပ်က
မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အစိုးရက အထူး
ကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ် ဆိုရင်တော့
ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ကွင်းကိုအသုံးပြုခွင့်မပေးစရာ
အကြောင်းမရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အကြောင်းအရင်း
သေသေချာချာမသိဘဲ သက်ဆိုင်ရာပါတီနဲ့ အများပြည်သူ အထင်အမြင်
လွဲမှားစေအောင် တစ်ဘက်သက် အမြင်နဲ့ ဝေဖန်ပြောကြားနေမှု အပေါ်မှာလည်း
ကျွန်တော်တို့ ဥက္ကဌက တော်တော် စိတ်မကောင်းဖြစ်နေပါတယ်။ သူ့အနေနဲ့လည်း
ဘာမှမတတ်နိုင်ဘဲ အထင်လွဲခံရသလို ဖြစ်နေတာပါ။ " ဟု
ရှင်းလင်းပြောကြားသွားခဲ့သည်။
|